"ကမ္ဘာပေါ်တွင် အပါးလွှာဆုံး မိုးမျှော်တိုက်များ"

NEWS

"ကမ္ဘာပေါ်တွင် အပါးလွှာဆုံး မိုးမျှော်တိုက်များ"

10 / January / 2023

အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် Studio Sofield က Steinway Tower တည်ဆောက်ပြီးစီးကြောင်း ကြေညာပြီး အရောင်းဖွင့်လိုက်ပါတယ်။ ဈေးနှုန်းများမှာ ကန်ဒေါ်လာ ၇.၇၅ သန်းမှ ၆၆ သန်းအထိ အစားစား ရှိပါတယ်။ .. Steinway Tower အမြင့် ၁,၄၂၈ ပေ ရှိပြီး နယူးယောက် ဗဟိုပန်းခြံကို အထက်စီးမှ မြင်ရတဲ့ မြင်ကွင်းကို ပေးအပ်ထားပါတယ်။ . အမြင့်နှင့် အနံအချိုး 24:1 ဖြင့် ဒီဇိုင်းထုတ်ထားတဲ့ Steinway Tower ကို ၎င်း၏ developer များက “ကမ္ဘာပေါ်တွင် အပါးလွှာဆုံး မိုးမျှော်တိုက်များ” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ခမ်းနားထည်ဝါသော မန်ဟက်တန်မြို့လယ်ရှိ အထင်ကရနေရာမှာ ကမ္ဘာ့အပါးဆုံး မိုးထိတိုက် အဖြစ် အထင်ကရ အဆောက်အဦဖြစ်လာတဲ့ Steinway Tower တည်နေရာမှာ တစ်ချိန်တုန်းက သမိုင်းတွင်ခဲ့တဲ့ Steinway & Sons စန္ဒယားကုမ္ပဏီ တည်ရှိခဲ့တာကို အစွဲပြုပြီး Steinway Tower လို့ အမည်တွင်ပါတယ်။ တည်ရာ လိပ်စာအရ 111 West 57th Street အဆောက်အဦအဖြစ်ဖြင့်လည်း သိကြပါတယ်။ အထပ်ပေါင်း ၉၁ ထပ်ပါရှိပြီး လူနေတိုက်ခန်းများ ပါတဲ့ အထပ်များအပြင် တစ်ထပ်လုံး အပြည့်ယူထားတဲ့ အခန်းပါတဲ့ အထပ် ၄၆ ခု ပါဝင်ပါတယ်။ အလင်းမတူရင်ဖြစ်စေ၊ ရှုထောင့်မတူရင်ဖြစ်စေ အရောင်အသွေး ပြောင်းလဲတဲ့ မြေနီထည်ဖြင့် မျက်နှာစာကို အလှဆင်ထားပါတယ်။ Steinway Tower အတွင်းပိုင်းကို ၁၉ ရာစု အနှောင်းပိုင်း ရသ ရရှိအောင် အလှဆင်ထားပါတယ်။ ပြင်ပမှ အလင်း ပြည့်ပြည့်ဝဝ ဝင်နိုင်အောင် ပြတင်းပေါက်များ ပါတဲ့ ခန်းမထဲမှာ အလျား ၈၂ ပေရှိတဲ့ ရေကူးကန်တစ်ခု ထည့်ပေးထားပါတယ်။ အမြဲစိမ်းနေတဲ့ ဓနိပင်တွေကို ပြတင်းပေါက်တွေကြားမှာ နေရာချထားပြီး ယာမကာ မှီဝဲဖို့ နယူးယောက်ရဲ့ အစဉ်အလာ King Cole Bar လည်း ရှိနေပါတယ်။ ၁၄၂၈ ပေ မြင့်တဲ့ Steinway Tower ဟာ နယူးယောက်မှာ အပါးလွှာဆုံး မိုးထိတိုက် ဖြစ်ပေမဲ့ အမြင့်ဆုံး မိုးထိတိုက်တော့ မဟုတ်ပါဘူး။ နယူးယောက်မြို့မှ One World Trade Center က ၁၇၇၆ ပေ မြင့်ပြီး Central Park Tower က ၁၅၅၀ ပေ မြင့်ပါတယ်။ . ပါးလွှာ မိုးထိတိုက်တွေ ၁၉၇၀ ပြည့်လွန်နှစ်များမှာ ဟောင်ကောင်မှာ ခေတ်စားခဲ့ပြီး ခဲတံတစ်ချောင်း မတ်မတ်ထောင်ထားပုံနှင့် ခိုင်းနှုန်းပြီး ‘ခဲတံတာဝါ’ လို့လည်း ခေါ်ကြပါတယ်။ ဟောင်ကောင်ကို အတုယူပြီး အခြားမြို့ကြီးများမှာ ခဲတံတာဝါ တည်ဆောက်ခဲ့ကြရာမှာ နယူးယောက်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Credit: Myanmar Builder Guide